နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပိတောက်အိမ် မှ နွေးထွေးစွာကြိုဆိုပါသည်

Wednesday, 8 February 2012

သြကာသကန်တော့ခန်းအဓိပ္ပါယ်ရှင်းတမ်း


သြကာသ ဖြစ်ပေါ်လာချိန်
         အခြေခံသာသနားရေးကျမ်း၌ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက(ပြည်)ဆရာတော်ဦးကောသလ္လက သြကာသဖြစ်ပေါ်လာချိန်နှင့်စပ်လျဉ်း၍သြကာသကန်တော့ခန်းကိုမကာရလောပအကျော်ခင်ကြီးပျော်ဆရာတော် ရေးခဲ့သည်ဟု ပခုက္ကူမဟာဝိသုတာရာမတိုက်ဆရာတော်ဦးနန္ဒိယက     တစ်ဆင့်ကြားဖူး ကြောင့် မိန့်ကြားဖူးသည်ဟူ၍လည်းကောင်း။
      သြကာသကန်တော့ခန်းကို ရှင်အရဟံက အနော်ရထားမင်းကြီးအားရေးပေးခဲ့သည့် ဟု တိပိဋကဓရရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ ကြည့်မြင်တိုင် ဘုံပျံဆရာတော်က ပေစာ၌တွေ့ဖူးကြောင့် မိန့်ကြားဖူးသည်ဟုလည်းကောင်း။       
             သြကာသ ကန်တော့ခန်းကို မွန်တို့က စတင်ခဲ့သည်ဟု မော်လမြိုင် အဂ္ဂမဟာပဏ္ဍိတ မုဒွန်    ဆရာတော်စသောမွန်ပညာရှင်များကမိန့်ကြားဖူးသည်ဟူ၍လည်းကောင်း ရေးသားထားသည့်ကိုတွေ့         ရသည်။
       သြကာသ ၏ အဓိပ္ပါယ်
                              သြကာသ၏အဓိပ္ပါယ်မှာခွင့်တောင်းခြင်း၊ခွင့်ပန်ခြင်းဖြစ်သည်။ လောက၌ယဉ်ကျေး                   သူတို့သည် တစ်စုံတစ်ခုကိုပြုလုပ်လိုလျှင် ခွင့်တောင်းမြဲ၊ခွင့်ပန်မြဲဖြစ်သည့်အားလျှော်စွာ ကန်တော့လို၍ သြကာသံဒေထ-အခွင့်ပေးတော်မူပါ၊ကန်တော့ပါရေစေ ဟုသုံးကြိမ်တိုင်တိုင် ခွင့်တောင်းခြင်း၊   ခွင့်ပန်ခြင်းပင်ဖြစ်သည်။
                             သြကာသ၏ ဒုတိယ အဓိပ္ပါယ်တစ်မျိုးမှာ တည်ရာ ဖြစ်သည်။ ဥပမာအားဖြင့် ရေခွက်သည်  ရေ၏တည်နေရာ ဖြစ်သကဲ့သို့ ဘုရား တရား သံဃာ ရတနာသုံးပါးသည် လူနတ်ဗြဟ္မာ      သတ္တဝါတို့၏ ရှိးခိုးခြင့် မြတ်နိုးခြင်း အရိုအသေပြုခြင်းသည့်တို့၏  တည်နေရာဌာန ဖြစ်သောကြောင့်ပထမသြကာသသည်ဘုရားရတနာ၊ဒုတိယသြကာသသည်တရားရတနာ၊တတိယသြကာသသသည်   သံဃာရတနာ-ဖြစ်သည်။
   အကျယ်ရှင်းဦးအံ့။   ။ လောကဥပမာအားဖြင့် နုနယ်သေးငယ်သော အရာဝတ္ထုပေါ်သို့ ကြီးကျယ်  လေးလံသော အရာဝတ္ထုကိုတင်လိုက် ဖိလိုက်လျှင် အရာဝတ္ထုငယ်သည် ထိုဖိတင်ချက်ကိုမခံနိုင်ဘဲ      ပြိုကွဲ ပျက်စီးရသကဲ့သို့ ထို့ အတူပင် သီလ သမာဓိ ပညာဂုဏ်မရှိသော(ဝါ) အနည်းငယ်သာရှိသော    လူနတ် ဗြဟ္မာသတ္တဝါတစ်ဦးဦးကို   အတုမရှိသော သီလ သမာဓိ ပညာဂုဏ်နှင့်ပြည့်စုံတော်မူသော   ဘုရားရှင်းက ရှိခိုးဦးတင် ဖူးမြင်ခြင်း အမှု ပြုလိုက်လျှင် ထိုသတ္တဝါသည် ဘုရားရှင်၏ ဂုဏ်တန်းခိုး       ဒဏ်ချက်ကို မခံနိုင်ဘဲ ပြိုကွဲပျက်စီးရမည်။ ထိုသတ္တဝါ၏ ဦးခေါင်းသည် မြေ၌ကျကာ သေပွဲဝင်ရ      မည်။အပါယ်သို့ လားရောက်ရမည်မှာ ဧကန်ဖြစ်သည်။ထိုစကားမှန်းကန်ကြောင်းသက်သေပြဦးအံ့။    
                           အခါတစ်ပါး၌ ဘုရားရှင်းသည် နောက်ပါတပည့်ရဟန်းငါးရားနှင့် အတူ ဝေရဉ္ဇာပြည် နဠေရုပုစိမန္ဒမူလ၌ သီတင်းသုံးနေတော်မူစဉ် ဝေရဉ္ဇာအမည်ရှိသော      ပုဏ္ဏားကြီးသည် 
မြတ်စွားဘုရားထံမှောက် သို့ ရောက်လာပြီး-
         အရှင်ဂေါတမ သင်သည် မိမိထက်အသက်ကြီးသူတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြိုဆို နေရာ
ထိုင်ခင်းဖြင့်လည်း မပင့်ဖိတ် ဟု အကျွန်ုပ်ကြားဖူးသော စကားသည် အမှန်ပင်ဖြစ်ပေသည်။ကြီးသူတို့အား
ရှိခိုးခြင်း စသည်ကို မပြုခြင်းသည် ပစ္စပ္ပုန် သံသရာ ချီးမွမ်းဖွယ်သော ဂုဏ် ကောင်းရာရောက်ဖွယ် ဂုဏ်တို့
နှင့် မပြည့်စုံ၍ မသင့်လျော်သော အမှုဖြစ်ပေသည် ဟုလျှောက်ထား၏။
          ထိုအခါ ဘုရားရှင်းက - ဒကာတော် ဝေရဉ္ဇာပုဏ္ဏား လောက ဥပမာအားဖြင့် ကြက်ဥအားလုံးတို့တွင်
ဥခွံ ကိုခွဲ၍ အရင်ဆုံးထွက်သောကြက်သည်သာ အကြီးဆုံးဖြစ်သကဲ့သို့ သတ္တဝါအားလုံးတို့တွင်လည်း
အဝိဇ္ဇာ ဥခွံကို ခွဲ၍အရင်းဆုံးထွက်ခဲ့သောကြောင့်ငါဘုရားသည် လောက၌အကြီးဆုံးအမြတ်ဆုံးဖြစ်ပေသည်။
ထို့ကြောင့် လောကသုံးပါး၌ ငါဘုရားရှင် က ရှိးခိုးဦးချ ခရီးဦးကြိုဆိုရမည့် ပုဂ္ဂိုလ်သတ္တာဝါကို ငါမမြင်။အကယ်၍ ငါဘုရားရှင်းက သတ္တဝါတစ်စုံတစ်ဦးကို ရှိခိုးဦးချပြုလိုက်လျှင် ထိုသူ၏ ဦးခေါင်းသည်
မြေ၌ ပြတ်ကျရာ၏ ဟုတ်မိန့်တော်မူချက်မှာ အတုမရှိသော သီလ သမာဓိ ပညာ ဂုဏ်ကြီးမားသောကြောင့်
ပင် ဖြစ်ကြောင်း ထင်းရှားသည်။
         ရတနာ သုံးပါးအား ပူဇော်ခြင်း၏ အဓိပ္ပာယ်
      ထောပါတ်၊ပျားရည်၊၊ဆီတိုသည် ထည့်ရာ တည်ရာ အိုးခွက် ပန်ကန်း စသည်တို့နှင့် ကင်းလျှင် ပျက်စီးရသကဲ့သို့လည်းကောင်း၊မျက်စိမမြင်  နားမကြား အကန်းများသည်လည်း ခရီးညွှန်ပြမည့်သူမရှိလျှင်
ပျက်စီးရသကဲ့သို့လည်းကောင်း၊လူနတ်ဗြဟ္မာ သတ္တဝါတို့သည်လည်း ဘုရား တရား သံဃာ ရတနားသုံးပါးတို့၏ အဆုံးအမ သြဝါဒတို့နှင့် ကင်းကွာလျှင်ပျက်စီးရမည်။ ရတနာသုံးပါ၏ အဆုံးအမသြဝါဒ
တို့ကို ခံယူကျင့်သုံးလျှင် ပစ္စုပ္ပန် ချီးမွမ်းဖွယ် ဂုဏ် တမလွန်ဝယ် ကောင်းရာရောက်ဖွယ် ဂုဏ်တို့နှင့်ပြည့်စုံ
မည်။အသက်ရှည်ခြင်း၊အဆင်းလှခြင်း၊ချမ်းသားကြီးခြင်း၊ခွန်အားကြီးခြင်းစသောကောင်းကျိုးအနန္တကို
ရရှိကြမည်ဖြစ်သောကြောင့် ရတနားသုံးပါးအား ပူဇော်ရခြင်းဖြစ်သည်။
           ကန်တော့ရခြင်း အဓိပ္ပါယ်
         လောက၌ သန့်ရှင်းစင်ကြယ်လိုသူတို့သည် ခန္ဓာကိုယ်အညစ်အကြေး ချွေးစသည် ကင်ဝေးအောင်
ရေချိုးရသကဲ့သို့ ပစ္စုပ္ပန်သံသရာအပြစ် ဘေးမှ ကင်းဝေးစင်ကြယ်လိုသူတို့သည်လည်း မိမိတို့၏ ကိုယ် နှုတ်
နှလုံး သုံးပါးတို့ဖြင့် ရတနာသုံးပါအပေါ် ပြုမိ ပြောမိ ကြံစည်မိလျှင် ထိုအပြစ်ဘေးမှကင်းဝေးစင်ကြယ်အောင် ကန်တော့ရခြင်းဖြစ်သည်။
    ဆုတောင်းခြင်း အဓိပ္ပါယ်
         လှပတင့်တယ်လိုသူတို့သည် ရေချိုးပြီးလျှင် အလှပျက်မည့် ရွှံညွှန်အိုးမည်းစသည်တို့ကို ရှောင်ကြဉ်၍
သနပ်ခါး ပန်းတို့ကို လိမ်းခြယ်ကာ ပြင်ဆင်သကဲ့သို့ မိမိတို့၏ ပစ္စုပ္ပန် သံသရာကောင်းကျိုးလိုလားသော 
အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်လည်း ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင်သည့် အပါယ်ဘေးစသည်တို့မှ ကင်းဝေရ၍ မဂ် ၊ဖိုလ်၊နိဗ္ဗာန်ကို ရ ရပါလို၏ဟု ဆုတောင်းခြင်းဖြစ်သည်။
              အပါယ်လေးပါးဟူသည်မှာ-
       ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ ၊ အသူရကာယ် တို့ဖြစ်သည်။
      ကပ်သုံးပါးဟူသည်မှာ
   သတ္တန္တရကပ်။   ။လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
   ရောဂန္တရကပ်။  ။ရောဂါဘေးကြောင့် ပျက်စီးခြင်း။
   ဒုဗ္ဘိက္ခန္တရကပ်။  ။ငတ်မွတ်ဘေးကြောင့် ပျက်စီးရခြင်း တို့ဖြစ်သည်။
   ရပ်ပြစ်ရှစ်ပါး ဟူသည်မှာ-
၁။ငရဲ
၂။တိရစ္ဆာန်
၃။ပြိတ္တာ( အသူရကယ်ကို ပြိတ္တာ၌ သွင်းယူ)
၎။အသညသတ် ဗြဟ္မာ
၅။သာသနာမရှိသော ပစ္ဆန္တရစ် အရပ်
၆။မျက်စိ၊နား စသော အင်္ဂါ ချွတ်ယွင်းသူ
၇။မိစ္ဆာဒိဋ္ဌိ အယူရှိသူ
၈။သာသနာပကာလ တို့ဖြစ်သည်။ 
   ရန်သူမျိုး ငါးပါး ဟူသည်မှာ-
  ၁။ရေ
 ၂။မီး
 ၃။မင်း
 ၄။ခိုးသူ
 ၅။အမွေခံဆိုး တို့ဖြစ်သည်။
    ဝိပတ္တိတရားလေးပါး ဟူသည်မှာ- 
၁။ကာလဝိပတ္တိ။  ။မင်းဆိုးမင်းယုတ် အုပ်ချုပ်သည့်ကာလ၌ဖြစ်ရခြင်း။
၂။ဂတိဝိပတ္တိ။  ။ အပါယ်လေးဘုံး၌ ဖြစ်ရခြင်း။
၃။ဥပဓိဝိပတ္တိ။  ။ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း။
၎။ပယောဂဝိပတ္တိ။  ။မှန်ကန်သော ကြိုးစားအားထုတ်မှု မရှိခြင်းတို့ဖြစ်သည်။
   ဗျသနတရားငါးပါး ဟူသည်မှာ-
၁။ဥာတိဗျသန။  ။ဆွေမျိုးများ ပျက်စီးခြင်း။
၂။ဘောဂဗျသန။  ။စီးပွားပျက်စီးခြင်း။
၃။ရောဂဗျသန။ ။အနာရောဂါဖြစ်၍ ပျက်စီးခြင်း။
၎။ဒိဋ္ဌိ ဗျသန။  ။မှားသောအယူကို ယူမိသဖြင့် အယူမှန်ပျက်စီးခြင်း။
၅။ သီလဗျသန။ ။ကိုယ်ကျင်သီလပျက်စီးခြင်းတို့ဖြစ်သည်။
    မဂ်တရား ဟူသည်မှာ
၁။သောတာပတ္တိမဂ်
၂။သကဒါဂါမိမဂ်
၃။အနာဂါမိမဂ်
၎။အရဟတ္တမဂ် တို့ဖြစ်သည်။
   ဖိုလ်တရား ဟူသည်မှာ
၁။သောတာပတ္တိဖိုလ်
၂။သကဒါဂါမိဖိုလ်
၃။အနာဂါမိဖိုလ်
၎။အရဟတ္တဖိုလ် တို့ဖြစ်သည်။
  နိဗ္ဗာန်တရားဟူသည်မှာ-
  တဏှာစသော ကိလေသားအားလုံး ၊ဒုက္ခအားလုံးတို့၏ ကင်းငြိမ်းရာဖြစ်သည်။

               
                                      (မင်းကွန်းတိပိဟောစဉ်-ပ-တွဲ၊သြကာသကန်တော့ခန်းနှင့် သီလယူရှင်းတမ်း
                                             တရားတော်ကို မှီငြမ်းသည်)                                                                                                                     

No comments:

Post a Comment